← Daily Meritorious Deeds

အချိန်လွန်မှ ဆွမ်းတော် စွန့်ခြင်းသည် ငရဲကြီးနိုင်ပါသလား ?

A devotee·10/10/2026·2

အရှင်ဘုရား တပည့်တော်မ မေးချင်တာလေး ရှိလို့ပါဘုရား။ အရှင်ဘုရား ဖြေပေးမယ်ဆိုရင် တကယ်ကို ဝမ်းသာမိမှာပါဘုရား။ တပည့်တော်မတို့က အလုပ်ကို မနက်အစောကြီးသွား ညမိုးချုပ်မှ ပြန်ရောက်ပါတယ်ဘုရား။ အလုပ်မသွားခင်မှာ ဆွမ်းတော်နဲ့ သောက်တော်ရေချမ်းကို အမြဲ ကပ်လှူပါတယ်။ ညမိုးချုပ်ပြန်ရောက်မှပဲ စွန့်ရပါတယ်ဘုရား။

အဲ့ဒီ့ အတွက် တပည့်တော်မ စိတ်ထဲ မတင်မကျ ဖြစ်မိပါတယ်။ ပြန်ရောက်မှ စွန့်ရတဲ့အတွက် ကုသိုလ်မရ ငရဲရမှာ ကြောက်ပါတယ် ဘုရား။ မိုးချုပ်မှ စွန့် ကောင်းလား။ မစွန့် ကောင်းလား သိချင်ပါတယ် ဘုရား။

လူတွေမှာ ရှစ်ပါး သီလ ဆောက်တည် ထားပါလျှင် ညစာ မစားရပါဘူး။ ထို့ကြောင့် မြတ်စွာ ဘုရားရှင်ကို ဆွမ်းတော် တင်တာ ကောင်းပါတယ်။ ဒါပေမယ့် ၁၂ နာရီမကျော်ခင် စွန့်ပါလို့ အကြံပြု ပါတယ်။ ကိုယ်တိုင် မစွန့်နိုင် ပါလျှင် အိမ်မှာ ရှိသူ တစ်ဦးဦး အား စွန့်ခိုင်း စေချင် ပါတယ်။

သို့မဟုတ် ရုံးမသွားခင် အရုဏ် ဖြစ်ဖြစ် သော်လည်းကောင်း ၊ ချက်ပြုတ်ပြီးစီးလျှင်သော် လည်းကောင်း ဆွမ်းတော်တင်ပြီး ရုံးသွားခါနီးစွန့်နိုင်ပါတယ်။ ဒကာမ။

ညနေထိတော့ မထားကောင်းပါ ။ အရုဏ်ဆွမ်းကပ်လျှင်လည်း အရုဏ်တက်မှသာ ကပ်ကောင်းပါ၏။ အရုဏ်မတက်ဘဲကပ်ပါက ညဆွမ်းလိုဖြစ်ပြီး အပြစ်ဖြစ်နိုင်ပါသည် ။ အရုဏ် တက်ချိန်က လစဉ်ပြောင်းလဲလေ့ ရှိသဖြင့် အနည်းဆုံး လစဉ် နံနက် ၅း၃၀ လောက် ကပ်မှ သင့်တော်မည်ဖြစ်ပါသည်။ ၄း၃၀ ၄း၄၀ ၅နာရီစသည်ဖြင့် အရုဏ်တက်ချိန် လစဉ်ပြောင်းလဲ လေ့ ရှိသည်ကို သတိပြုအပ်၏။

ထို့ကြောင့် မယုတ်မလွန် လစဉ် နံနက် ( ၅း၃၀ ) နာရီဆိုပါလျှင် ကပ်မည်ဆိုပါက လစဉ်လတိုင်း အဆင်ပြေမည်ဖြစ်ပါသည် ။ အဘယ့်ကြောင့်ဆိုသော် အကယ်၍ ( ၄း၃၀ ) ကို လစဉ်လတိုင်း ကပ်မည်ဆိုပါက ( ၅ ) နာရီ၊ ( ၅း၁၀ )နာရီ စသည့်ဖြင့် အရုဏ်တက်သည့်လများတွင် ကိုယ်က ( ၄း၃၀ ) လစဉ်လတိုင်း ကပ်မိပါက ညဆွမ်းလိုဖြစ်ပြီး အပြစ်ဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။

အချုပ်အားဖြင့်နေ့ဆွမ်းဆိုလျှင် နေ့လည် ၁၂ နာရီ မထိုးခင်စွန့်သင့်ပြီး အရုဏ်ဆွမ်းဆိုပါလျှင် ရှေ့လွတ်၊ နောက်လွတ် ( ၅း၃၀ ) နာရီ လောက်ကပ်သင့်ကြောင်း ဖြေကြားလိုက်ပါသည်။

သစ်သီးဆွမ်းများကိုလည်း ထိုနည်းအတူမှတ်ပါ။ ရှေးကမသိခဲ့လို့ မစွန့်မိတာကို စိတ်ထဲစွဲလန်း မထားဘဲ ယခုသိလိုက်သည့်အချိန်တွင် နောက်မလုပ်မိအောင်သာဂရုစိုက်ပါ ။ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံး တစ်ဝတည်းပြည့်ဝပါစေ ။

အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)